၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (D) အဖွင့်ယှဉ်ပြိုင်မှုတွင် အိမ်ရှင် အမေရိကန်အသင်းက ပါရာဂွေးအသင်းကို (၄) ဂိုး-(၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဇယားထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။
လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် အမေရိကန်အသင်းသည် ပွဲအစပိုင်းမှစ၍ ကစားပုံအသာစီးရယူနိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုများဖြင့် ပါရာဂွေးခံစစ်ကို ဖိအားပေးကစားခဲ့သည်။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ပါရာဂွေးအသင်းက ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း အမေရိကန်အသင်းက ပွဲပြီးဆုံးခါနီး နောက်ထပ်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့သဖြင့် (၄)ဂိုး (၁) ဂိုးဖြင့် အနိုင်ရလဒ်ကို အတည် ပြုနိုင်ခဲ့သည်။
ယခုရလဒ်ကြောင့် အိမ်ရှင်အသင်းသည် အုပ်စုအဆင့်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးပိုမိုကောင်းမွန်လာခဲ့သည်။
ထို့အပြင် ပွဲမတိုင်မီ ဖွင့်ပွဲအခမ်းအနားတွင် ထိုင်း K-pop အဆိုတော် Lisa က ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဟောလိဝုဒ်မင်းသား Tom Cruise နှင့် အင်္ဂလန်ဘောလုံးအကျော်အမော်ဟောင်း David Beckham တို့လည်း ပရိသတ်များနှင့်အတူ ကွင်းအတွင်း လာရောက်အားပေးခဲ့ကြောင်း သိရသည်။
