မြန်မာ-လာအို ချစ်ကြည်ရေးအသင်း (MLFA) ဥက္ကဋ္ဌ ဦး ဝင်းမောင်ဦးဆောင်သောအဖွဲ့နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan Phomvihane ဦးဆောင်သောအဖွဲ့တို့သည် ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Hotel ၌ တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၁ ရက် ညနေ (၁၇:၃၀) နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အစည်းအဝေးအတွင်း အဓိကထည့်သွင်းဆွေးနွေးခဲ့သည့် အချက်များမှာ
နယ်စပ်ဒေသလူမှုဘဝ မြှင့်တင်ရေး
မြန်မာနှင့် လာအိုနိုင်ငံအကြား နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည့် ဒေသများတွင် နေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရေး။
ယဉ်ကျေးမှုနှင့် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
နှစ်နိုင်ငံအကြား အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသများသို့ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေး ကိစ္စရပ်များ။
နိုင်ငံတကာဝင်ပေါက် ဖြစ်လာစေရေး
မြန်မာ-လာအို နယ်စပ်သည် အချက်အချာကျသော ဒေသဖြစ်သည်နှင့်အညီ နှစ်နိုင်ငံပြည်သူများသာမက “တတိယနိုင်ငံသားများပါ” ဖြတ်သန်း သွားလာနိုင်သည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး အလားအလာများ။
စသည်တို့ပါဝင်သည်။
ထိုတွေ့ဆုံပွဲသို့ မြန်မာ-လာအိုချစ်ကြည်ရေးအသင်း (MLFA) ဘက်မှ ဥက္ကဋ္ဌ ဦးဝင်းမောင် ၊ဒုဥက္ကဋ္ဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံ နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
လာအိုနိုင်ငံဘက်မှလည်း ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဇနီးဖြစ်သူ H.E. Mrs. Vadsana Phomvihane၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr. Bounpieng Chanthavong နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် MR. Bovonethat Douangchak နှင့် အာရှပစိဖိတ်၊ အာဖရိကနှင့် အာဆီယံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်အရာရှိကြီးများ အစုံအလင် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ အစီအစဉ်များ ပြီးမြောက်ပြီးနောက် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းနှင့် လာအိုကိုယ်စားလှယ်အဖွဲ့တို့သည် အတူတကွ ဂုဏ်ပြုညစာ သုံးဆောင်ခဲ့ကြပြီး၊ ညစာစားပွဲအတွင်း နှစ်နိုင်ငံ အဖွဲ့ဝင်များသည် ရင်းနှီးပွင့်လင်းစွာဖြင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည့် စကားရပ်များကို အပြန်အလှန် ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။