တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ဇွန် ၄ ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၈၅)ဦးအနက် (၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဝန်ကြီးများက ဖြေကြားပေးခဲ့ကြပြီး မော်လိုက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)ဒေါ်စန္ဒာသိန်းက “ချင်းတွင်းမြစ်အထက်ပိုင်းရှိ အဆင်ခြင်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ကြောင်းပျ-က်စီးခြင်းနှင့် ပြဒါးညစ်ညမ်းမှုနှင့် ဆိုင်ယာနိုက်ဓာတုပစ္စည်းများ ဘေးအန္တရာယ်များမှ ကာကွယ်တားဆီးနိုင်ရေး”တိုက်တွန်းကြောင်းအဆိုတင်သွင်းရာ ဖောင်းပြင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးတင်မင်းထွဋ်က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်း အဆိုတင်သွင်းမှုအား တိုင်းဒေသကြီးလွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံအမည်စာရင်းများကို ဇွန် ၅ ရက်ညနေ ၄ နာရီအရောက်တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
