ကမ္ဘာလုံးဆိုင်ရာ အပူဒ-ဏ်ခံနိုင်ရည်ရှိရေး လှုပ်ရှားမှုနေ့ (Heat Action Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ဦးဆောင်၍ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လူထုအသိပညာပေး လှုပ်ရှားမှုများကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ရန်ကုန်တိုင်းအတွင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များက လမ်းသွားလမ်းလာ ပြည်သူများကို အပူလျှပ်ခြင်း (Heat Stroke) ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊အပူလှိုင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်း၍ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းနှင့်အတူ ရေသန့်ဗူး၊ အချိုရည်နှင့် မျက်နှာသုတ်ပုဝါငယ်များကို အခမဲ့ ပေးဝေခဲ့ခြင်းလည်း ဖြစ်သည်။
ယခုနှစ် (၅) ကြိမ်မြောက် Heat Action Day ၏ အဓိကဦးတည်ချက်မှာ “အိမ်တွင်းအပူရှိန်အန္တရာယ် (Indoor Heat)” ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာသည့် အပူလှိုင်းအန္တရာယ်များကို ပြည်သူများ ကြိုတင်သတိပြု ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
