မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီ၌ မုတ်သုံလေ အဆုတ်မြန်ပြီး မိုးစောစောပြတ်နိုင်ခြေရှိသဖြင့် စိုက်ပျိုးရေလုံလောက်မှုအတွက် မြေအစိုဓါတ်ထိန်းသိမ်းနိုင်ရေး ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။
ဖြစ်ပေါ်နိုင်မည့် အစွန်းရောက်ရာသီဥတု “အယ်နီညို” အားကောင်းနိုင်ခြင်းခန့်မှန်းချက်အပေါ် ထင်ဟပ်ပြီး၊ ဇွန်လမှ အောက်တိုဘာလအထိ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန် ပုံမှန်အထက်/ပုံမှန်အောက် ရွာသွန်းရရှိနိုင်မည့်အခြေအနေပြမြေပုံများ (Precipitation Anomaly Maps) ကို အခြေခံ၍ မြန်မာနိုင်ငံ၏ ၂၀၂၆ ခုနှစ် မိုးရာသီကာလအပိုင်းအခြားအလိုက် မိုးရွာသွန်းနိုင်မှုအပေါ် ဆန်းစစ်တင်ပြခြင်း (Seasonal Climate Analysis Report)” က တဆင့် အသိပေးထားခြင်းလည်း ဖြစ်သည်။
မိုးဦးကာလ(မေ၁၆ ရက်မှ ဇွန်၃၀) အထိ မြန်မာပြည်တောင်ပိုင်းတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး အလယ်ပိုင်းမြောက်ပိုင်းဒေသများတွင် ရွာသွန်းမြဲအောက်ကို ရှိနိုင်ကြောင်းလည်း ဦးဝင်းနိုင်က ဆိုသည်။
ထိုပြင် မိုးလယ်ကာလဖြစ်သည် ဇူလိုင် ၂ ရက်မှ ဩဂုတ် ၃၁ ရက်အတွင်း ရွာသွန်းမြဲထက် သိသိသာသာပိုမည်ဖြစ်ပြီး မိုးလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာမည့် ရေကြီးရေလျှံမှဘေး အန္တာရာယ်များ ကို နိုင်ငံအဝန်း ကြိုတင်ကာကွယ်ရေး အစီမံများပြုလုပ်ထားရန် လိုအပ်ကြောင်း အသိပေးထားသည်။
မိုးနှောင်းကာလဖြစ်သည် စက်တင်ဘာ (၁)ရက်မှအောက်တိုဘာ(၁၀)ရက်နေ့အတွင်း တစ်နိုင်ငံလုံး ရွာသွန်းမြဲအောက်(သို့မဟုတ်)ရွာသွန်းမြဲခန့် ဖြစ်မည်ဟု ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ထိုကြောင့် မှတ်သုံလေ အဆုတ်မြန်ပြီး မိုးစောစောပြတ်နိုင်ခြေရှိသဖြင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် စိုက်ပျိုးရေလုံလောက်မှု နှင့် မြေအစိုဓါတ် ထိန်းသိမ်းရန် အတွက် ပြင်ဆင်ကြရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
