တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး
တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ ၂၅ ရက်မှ ၂၈ ရက် အထိ အန်းဟွေးပြည်နယ် HUAXIAN မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦးနှင့် အမှုဆောင် (၃) ဦးပါအဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးနှင့် ဆက်စပ်ပြီး အာဆီယံ-တရုတ် မိတ်ဘက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှင့် တရုတ်-အာဆီယံ ပြည်သူချင်းချစ်ကြည်ရေး အုတ်မြစ်ချထူထောင်မှု နှစ် (၂၀) မြောက် အတွက် အမှတ်တရ အခမ်းအနားကိုပါ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို Win-Win ပေါ်လစီဖြင့် ညိနှိုင်းဆောင်ရွက်လျက်ရှိပြီး မိတ်ဘက်မဟာဗျုဟာမြောက်ဆက်ဆံရေးမှ အေးအတူပူအမျှ အသိုက်အဝန်းအတူအကွ တည်ဆောက်နေထိုင်သွားကြရန်၊ ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်နှင့် ချစ်ကြည်ရေးလုပ်ငန်းများ ဘက်စုံတိုးမြှင့်ရန် ရှေ့လုပ်ငန်းစဉ် (၂၀၂၆-၂၀၂၈) ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုတွင် အာဆီယံ-တရုတ် ချစ်ကြည်ရေး (၁၀) နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုပြင် မလေးရှားပါလီမန်အမတ်၊ အင်ဒိုးနီးရှား၊ နယူးဇီလန်၊ လာအိုနိုင်ငံ၊ ဗီယက်နမ်၊ ဟောင်ကောင်၊ကမ္ဘောဒီးယားနိုင်ငံက ပါလီမန်အမတ်များ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်နေသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
