ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
မြန်မာနိုင်ငံမှ ပင်လယ်ကူးသင်္ဘောသားများ အမိမြေပြန်လည်ရောက်ရှိချိန်တွင် MSME များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပင်လယ်ကူးသင်္ဘောသားများအတွက် အသေးစားစီးပွားရေးလုပ်ငန်းများ ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းများကို ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။