အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ “အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost Tracker)” က ဖော်ပြလာပါတယ်။
အဲဒီဝက်ဘ်ဆိုက်က အချိန်နဲ့တပြေးညီ တက်နေတဲ့ တွက်ချက်မှုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ပန်တဂွန်စစ်ဌာနချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာအပေါ် အခြေခံထားတာပါ။ အဲဒီတုန်းက ပန်တဂွန်က ပြောတာကတော့ အရှေ့အလယ်ပိုင်းမှာ တိုက်ပွဲတွေစဖြစ်တဲ့ ပထမဆုံး ၆ ရက်အတွင်းမှာတင် ဝါရှင်တန်အနေနဲ့ ဒေါ်လာ ၁၁.၃ ဘီလီယံ သုံးခဲ့ရပြီး၊ အဲဒီနောက်ပိုင်း စစ်ပွဲဖြစ်ပွားတဲ့ ရက်တွေအတွက်တော့ တစ်ရက်ကို ဒေါ်လာ ၁ ဘီလီယံလောက် ထပ်သုံးဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် စစ်ဆင်ရေးတစ်ခု စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက တဟီရန် အပါအဝင် အီရန်ရဲ့ မြို့ကြီးတော်တော်များများ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အိမ်ဖြူတော်ဘက်ကတော့ အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြောင့် ခုလို တိုက်ခိုက်ရတာလို့ အကြောင်းပြခဲ့ပါတယ်။
ဒါကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကပစ်မှတ်တွေကို ပြန်တိုက်ခိုက်ခဲ့သလို၊ ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး (UAE) နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကိုလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ အပါအဝင် တခြား ထိပ်တန်းခေါင်းဆောင်တချို့လည်း သေဆုံးခဲ့ရပါတယ်။
