အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။
အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက “လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါပြီ…၊ ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကတော့ ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
အဲဒီပွဲ တက်ရောက်လာသူတစ်ယောက်က အစ္စရေးအနေနဲ့ နယ်မြေတစ်ခုလုံးရဲ့ “၁၀၀ ရာခိုင်နှုန်း” စလုံးကို သိမ်းပိုက်သင့်တယ်လို့ လှမ်းအော်ပြောတဲ့အခါမှာတော့ နေတန်ယာဟုက “အစီအစဉ်အတိုင်း တဖြည်းဖြည်းသွားနေတာပါ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒါဟာ သူတို့ရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ငြင်းဆိုခြင်း မရှိခဲ့ပါဘူး။ သူကပဲ ဆက်ပြီး “ပထမဆုံး ၇၀ ရာခိုင်နှုန်းပေါ့ဗျာ၊ အဲဒါနဲ့ အရင်စမယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း နေတန်ယာဟုဟာ အစ္စရေးအနေနဲ့ ဂါဇာနယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းကို လက်ရှိမှာ ထိန်းချုပ်ထားတယ်လို့ပြောခဲ့ပါသေးတယ်။ ဒါဟာ အမှန်တကယ် ထိန်းချုပ်ခွင့်ရှိရမယ့် ပမာဏထက် သိသိသာသာကို ပိုများနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက အစ္စရေးက ထုတ်ပြန်ခဲ့တဲ့ မြေပုံတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလက အမေရိကန် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအပြီး အစ္စရေးထိန်းချုပ်ထားတဲ့ ၅၃ ရာခိုင်နှုန်းရဲ့ အလွန်မှာ “ကန့်သတ်နယ်မြေအသစ်” တစ်ခု ထပ်တိုးလာတာကို တွေ့ရပါတယ်။
မြေပုံပေါ်မှာ လိမ္မော်ရောင်လိုင်းနဲ့ မှတ်သားထားတဲ့ အဲဒီကန့်သတ်နယ်မြေဟာ စစ်ပြေငြိမ်းပြီးကတည်းက အစ္စရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ဂါဇာဒေသရဲ့ အစိတ်အပိုင်းကို သတ်မှတ်ထားတဲ့ “အဝါရောင်လိုင်း” ရဲ့ အလွန်၊ ဂါဇာနယ်မြေစုစုပေါင်းရဲ့ ၁၁ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီနယ်မြေတွေကိုပါ ပိတ်ဆို့လိုက်မယ်ဆိုရင်တော့ ဂါဇာနယ်မြေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံနီးပါးကို အစ္စရေးက ထိန်းချုပ်လိုက်သလို ဖြစ်သွားမှာ ဖြစ်ပါတယ်။
