စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်ကာလအမီ ထုတ်ချေးပေးလျက်ရှိရာ ဒုတိယအကြိမ် စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို မေ ၂၇ ရက် နံနက်ပိုင်းက ရွှေညောင်ပင်ကျေးရွာအုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချေးငွေထုတ်ချေးပေးရာတွင် မြို့နယ်မန်နေဂျာ ဦးအောင်ကျော်ဝင်းက ယခုနှစ် စိုက်ပျိုးရေးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးနေမှု၊ ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ပုံစံ(၇)ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ကြီးကြပ်ရေးမှူး ဦးသောင်းစိန်က ချေးငွေထုတ်ချေးခြင်းဆိုင်ရာ စည်းကမ်းချက်များကိုလည်းကောင်း၊ ဒုတိယကြီးကြပ်ရေးမှူး ဦးစိုးမင်းထွန်းက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ရွှေညောင်ပင်ကျေးရွာအုပ်စုမှ တောင်သူ ၂၀၇ ဦးအား မိုးစပါးစိုက်ပျိုးရေးစရိတ်အတွက် တစ်ဧကလျှင် ကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း စိုက်ဧက ၁,၁၀၇ ဧကအတွက် ငွေကျပ် ၃၃၂ ဒသမ ၁ သန်းကို တောင်သူတစ်ဦးချင်း၏ စိုက်ဧကအလိုက် ထုတ်ချေးပေးခဲ့သည်။
ဖောင်းပြင်မြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၇ အုပ်စုမှ မိုးစပါးစိုက်ဧက ၃,၀၀၀ အတွက် စုစုပေါင်းငွေကျပ် သိန်း ၉,၀၀၀ ကို ထုတ်ချေးပေးနိုင်ရန် လျာထားပြီး စိုက်ပျိုးရေးစရိတ်ချေးငွေများကို ဇူလိုင်လအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
