လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။“
နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်။ ဖက်ဒရယ်ဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းပြည်သာယာဝပြောရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ပြည်သူများ အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်စေရန်နှင့် လုပ်တတ်ကိုင်တတ်စေရန် ဗဟိုအစိုးရသာမက ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်များကလည်း ပူးပေါင်းဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနိုင်မှသာ ပြည်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်အစိုးရအပေါ် ယုံကြည်မှုများလည်း ပိုမိုရှိလာမည်ဟု ဆိုသည်။
ထို့ကြောင့် အတိတ်က ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များမှ သင်ခန်းစာယူကာ နောင်အနာဂတ်တွင် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးအားကောင်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်စေရေးအတွက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နိုင်ငံအကျိုးကို ရှေးရှုသည့် ပြောဆိုဆက်ဆံမှုများ ဖြစ်စေရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။
