မန္တလေးငလျင်ဒဏ်ကြောင့် လူမှုစီးပွားဘဝ ထိခိုက်ခဲ့သည့် မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့မှုရရှိမည့် အိမ်ထောင်စုများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အိမ်ထောင်စုစုစုပေါင်း (၆၅၀) ကို ရွေးချယ်ထားပြီး အဆိုပါစာရင်းကို မေ ၁၈ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကြေညာထားသည့် စာရင်းတွင် ကျောက်တာကျေးရွာ၊ တောင်ညိုရွာသစ်ကျေးရွာ၊ မိုးဇာရပ်ကွက်၊ ထုံးဘိုရပ်ကွက်၊ မင်းလမ်းရပ်ကွက်နှင့် ဇေယျာရပ်ကွက်တို့မှ ငလျင်ဘေးသင့် မိသားစုများ ပါဝင်ကြောင်း သိရသည်။
အိမ်ထောင်စုစာရင်းများကို ရွေးချယ်ရာတွင် ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များက မြေပြင်ကွင်းဆင်း စိစစ်မှုများ ပြုလုပ်ခဲ့ပြီး၊ အမှန်တကယ်လိုအပ်ချက်ရှိသူများဖြစ်ခြင်းနှင့် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီခြင်းတို့အပေါ် အခြေခံရွေးချယ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွေးချယ်မှုလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများရှိ အများပြည်သူမြင်ကွင်းနေရာများတွင် အမည်စာရင်းများကို ကပ်ထားကြေညာခဲ့ကြောင်းလည်း သိရသည်။
“ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့နဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့ အခုလို ငွေကြေးထောက်ပံ့မှုကို စနစ်တကျ စိစစ်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထုတ်ပြန်ထားသည့် အမည်စာရင်းများနှင့်ပတ်သက်၍ ကန့်ကွက်လိုခြင်း သို့မဟုတ် တုံ့ပြန်အကြံပြုလိုခြင်းများရှိပါက Complaints and Feedback Mechanism (CFM) လုပ်ထုံးလုပ်နည်းများအတိုင်း မေ ၂၂ ရက် နောက်ဆုံးထား၍ တင်ပြနိုင်ကြောင်း MRCS က အသိပေးထားသည်။
