၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်နှင့် ရပ်ကွက်များအလိုက် နှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။ အလယ်တန်းနှင့် အထက်တန်းအဆင့်များအတွက် ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၂ ချောင်းနှင့် ဘောလ်ပင် ၂ ချောင်းတို့ကို အခမဲ့ပေးသွားမည်ဟု သိရသည်။
ထို့ပြင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စနေ၊ တနင်္ဂနွေ အပါအဝင် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ KG အတန်းသို့ အသက် ၅ နှစ်ပြည့်ပြီးသူများကို အပ်နှံရမည်ဖြစ်ပြီး၊ အသက် ၅ နှစ်ပြည့်ရန် ၂ လလိုအပ်သူများအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး၏ ထောက်ခံစာ၊ ၃ လလိုအပ်သူများအတွက် ခရိုင်ပညာရေးမှူး၏ ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၆ နှစ်ပြည့်ပြီးသူများကို Grade-1 သို့ အပ်နှံနိုင်မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရာတွင် မိဘများထံမှ မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ညွှန်ကြားထားပြီး ကျောင်းအပ်နှံခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးတို့အပါအဝင် မည်သည့်ငွေကြေးကိုမျှ ကောက်ခံခြင်းမပြုရန်နှင့် အလှူငွေ၊ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
