ပေကျင်း၊ မေလ ၁၈ ရက်
တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၆၂၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၁.၉ ဘီလျံခန့်) သို့ ရောက်ရှိခဲ့ကြောင်း တနင်္လာနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် စက္ကူဖြူစာတမ်း တစ်စောင်အရ သိရသည်။
တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်နှင့် တည်နေရာအခြေပြု ဝန်ဆောင်မှုများအသင်း (GLAC) က ထုတ်ပြန်သည့် အဆိုပါစာတမ်းတွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံရှိ စမတ်ဖုန်းပေါင်း ၁.၄ ဘီလျံနီးပါး၌ BeiDou တည်နေရာပြစနစ်များကို တပ်ဆင်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါပမာဏမှာ တစ်နိုင်ငံလုံးရှိ လက်ကိုင်ဖုန်းအားလုံး၏ ၉၈ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။
ထို့ပြင် ဝတ်ဆင်နိုင်သော အီလက်ထရွန်နစ်ပစ္စည်းပေါင်း သန်း ၁၆၀ ကျော်သည် BeiDou တည်နေရာပြဝန်ဆောင်မှုကို ထောက်ပံ့ပေးထားကြောင်းလည်း ဆိုသည်။ ၎င်းအပြင် အိမ်စီးကားပေါင်း သန်း ၁၀၀ ကျော်တွင် လမ်းညွှန်မှုနှင့် တည်နေရာပြသခြင်းအတွက် BeiDou ဝန်ဆောင်မှုသုံး ယာဉ်ပေါ်ပါကိရိယာများကို တပ်ဆင်အသုံးပြုထားကြသည်။
တရုတ်နိုင်ငံပြင်ပ အနေဖြင့် BeiDou ဝန်ဆောင်မှုများနှင့် ဆက်စပ်ထုတ်ကုန်များကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်သို့ တင်ပို့ထားပြီးဖြစ်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါစာတမ်းအရ တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍသည် လက်ရှိတွင် မိုဘိုင်းဆက်သွယ်ရေး၊ အဆောက်အအုံတွင်း တည်နေရာပြစနစ် နှင့် AI နည်းပညာတို့ကို ပေါင်းစပ်ပြီး စမတ်ကျ၍ ချောမွေ့မှုရှိသော အာကာသ-မြေပြင်ကွန်ရက်တစ်ခုကို ဖန်တီးပေးနိုင်မည့် “BeiDou ကာလဒေသလုပ်ငန်းကဏ္ဍ” အဖြစ်သို့ အဆင့်မြှင့်တင်လျက်ရှိသည်။
“ဒစ်ဂျစ်တယ်စီးပွားရေးဟာ အရှိန်ပြင်းရထားတစ်စင်းဆိုရင် BeiDou ဟာ ရထားသံလမ်းနဲ့ အချိန်ဇယားပဲဖြစ်ပါတယ်” ဟု GLAC ဥက္ကဋ္ဌ ဇန်ဟွေဖုန်းက ပြောကြားခဲ့သည်။ ၎င်းက BeiDou စနစ်သည် လူသားများကို “ဘယ်နေရာမှာ ရောက်နေလဲ” ဆိုသည်ကိုသာမက “ဘယ်အချိန်၊ ဘယ်လိုအခြေအနေမျိုးမှာ ပိုမိုစမတ်ကျတဲ့ ဆုံးဖြတ်ချက်တွေ ကို ဘယ်လိုချမှတ်မလဲ” ဆိုသည်ကိုပါ ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ထိပ်သီးဥပဒေပြုလွှတ်တော်နှင့် ထိပ်သီးနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့တို့၏ “ညီလာခံနှစ်ရပ်” အတွင်း တရုတ်နိုင်ငံ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ အဆင့်မြင့်အရာရှိတစ်ဦးက တရုတ်နိုင်ငံအနေဖြင့် လာမည့် ၅ နှစ်အတွင်း လုပ်ငန်းကဏ္ဍတန်ဖိုး ယွမ် ၁ ထရီလျံကျော်အထိ ရောက်ရှိရန် ရည်မှန်းချက်ဖြင့် BeiDou စနစ်ကို အကြီးစားအသုံးပြုမှုများ ဖြစ်လာစေရန် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
