ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ နေ့စဉ် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယင်းအနက် အသားတိုးကြက် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
နေ့စဉ် ဝင်ရောက်လာသည့် ကြက်အမျိုးအစားများတွင် အသားတိုးကြက်၊ ဒံပေါက်ကြက်၊ ဥစားကြက်၊ ဥနှုန်းကျဆင်း၍ ရောင်းထုတ်သည့် ဥတုံးကြက် (ကြက်နီမ) နှင့် မြန်မာကြက်များ ပါဝင်ပြီး အသားတိုးကြက်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။
“မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးကို နေ့စဉ် ကြက်အဝင်က ပိဿာ ရှစ်သောင်းလောက် ဝင်ပါတယ်။ အရင်လတွေကလည်း ဒီပမာဏလောက်ပဲ ဝင်နေပါတယ်။ အသားတိုးကြက်က အများဆုံးဖြစ်ပြီး တစ်ရက်ကို ပိဿာခြောက်သောင်းလောက် ရှိတယ်။ စားသုံးသူတွေကလည်း အသားတိုးကြက်ကို ပိုစားသုံးကြတယ်။ ဈေးနှုန်းသက်သာတာကြောင့် ဝယ်ယူမှုများတယ်” ဟု ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ ကြက်၊ ဘဲဈေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မွေးမြူရေးခြံများမှ ကြက်များ ဝင်ရောက်လာပြီး ယင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း မွေးမြူရေးလုပ်ငန်းများတွင် အသားတိုးကြက်ကို အများဆုံး မွေးမြူနေကြပြီး ဒံပေါက်ကြက်၊ ဥစားကြက်နှင့် ဥတုံးကြက်များကိုလည်း မွေးမြူလျက်ရှိကာ တိုင်းရင်းကြက်ခေါ် မြန်မာကြက်များကိုလည်း အသင့်အတင့် မွေးမြူနေကြကြောင်း သိရသည်။
