အီသီယိုပီးယား နိုင်ငံဝန်ကြီးချုပ် H.E. Abiy Ahmed ၏ ဖိတ်ကြားချက်အရ မေ ၁၃ ရက်က အဒစ်အဘာဘာမြို့၊ National Palace ၌ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ နှစ် (၈၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသည် ကုလသမဂ္ဂနှစ် (၈၀) ပြည့် အထိမ်းအမှတ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အား ဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
အီသီယိုပီးယားဝန်ကြီးချုပ် H.E. Abiy Ahmed က နိုင်ငံတကာအဖွဲ့အစည်းများကို” ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေး၊ အာဖရိကနိုင်ငံများအား လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်ပြုရေး၊ ခေတ်သစ်စိန်ခေါ်မှုများနှင့် နည်းပညာကဏ္ဍ၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို” ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နှင့် ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အီသီယိုပီးယားနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အာဖရိကသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရသည်။
