အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူနှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖိန်တို့ ပေကျင်းမြို့တွင် ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးစဉ်အတွင်း ရှီကျင့်ဖိန်နှင့် “အံ့ဖွယ်ကောင်းသော ကုန်သွယ်ရေး သဘောတူညီချက်များ” ရရှိခဲ့ကြောင်း ယနေ့သောကြာနေ့ (မေလ ၁၅ ရက်) တွင် ပြောကြားခဲ့သည်။
တရုတ်ဗဟိုခေါင်းဆောင်များ ရုံးစိုက်ရာ အဆောက်အအုံဝင်းဖြစ်သည့် ကျုန်းနန်ဟိုင်ရှိ ပန်းခြံများအတွင်း လှည့်လည်ကြည့်ရှုစဉ် ထရန့်က “ဒီတွေ့ဆုံမှုကနေ ကောင်းကျိုးတွေ အများကြီး ထွက်ပေါ်လာပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ အံ့ဖွယ်ကုန်သွယ်ရေး သဘောတူညီချက်အချို့ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းမတိုင်မီကလည်း ထရန့်သည် သူ၏ Truth လူမှုကွန်ရက်ပို့စ်တစ်ခုတွင် “ရှီကျင့်ဖိန်က သူ့အား ကြီးမားလှသော အောင်မြင်မှုများစွာ အတွက် ဂုဏ်ပြုခဲ့ကြောင်းနှင့် ကမ္ဘာ့အင်အားအကြီးဆုံး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ကောင်းမွန်နေပြီး ပိုမိုတိုးတက်ကောင်းမွန်လာနေကြောင်း” ရေးသားခဲ့သည်။
ထို့အပြင် “အမေရိကန်ပြည်ထောင်စုအား ဆုတ်ယုတ်နေသည့် နိုင်ငံတစ်ခုဟု သမ္မတရှီက အလွန်သိမ်မွေ့စွာ ရည်ညွှန်းပြောဆိုခဲ့ခြင်းမှာ ရာနှုန်းပြည့်မှန်ကန်ကြောင်း၊ ယင်းသည် “အိပ်ချင်မူးတူး ဂျိုးဘိုင်ဒင်” နှင့် ဘိုင်ဒင်အစိုးရ၏ လေးနှစ်တာသက်တမ်းအတွင်း အမေရိကန်ပြည်သူတို့ ခံစားခဲ့ရသည့် ကြီးမားသောပျ-က်စီးဆုံးရှုံးမှုများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း” ကိုလည်း အဆိုပါပို့စ်တွင် ထည့်သွင်းရေးသားထားသေးသည်။
