ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယနေ့ မေလ (၁၃) ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံက သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင် စာရင်းကောက်ယူရရှိသည့် ပဲခူးတိုင်းဒေသကြီး တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည် အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်း အစီရင်ခံစာသည် ပဲခူးတိုင်းအတွင်းရှိ လူဦးရေနှင့် အိမ်အကြောင်းအရာ အခြေအနေများကို တိကျစွာသိရှိနိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဓိက အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းမှ ရရှိလာသော အချက်အလက်များအပေါ်အခြေခံ၍ နောင်တွင် ဒေသအကျိုးပြုမူဝါဒများနှင့် စီမံကိန်းများစနစ်တကျ ရေးဆွဲနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ပဲခူးတိုင်း၏ သန်းခေါင်စာရင်းအချက်အလက်များ တရားဝင်ထွက်ရှိလာပြီးဖြစ်သလို တစ်ဘက်တွင်လည်း ပြည်သူ များအတွက် အရေးကြီးသည့် နိုင်ငံသားကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
