တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန်လ (၄) ရက်နေ့တွင် မုံရွာမြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးမှ သိရှိရသည်။
လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးတင့်လှိုင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမျိုးသန့်တို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ကျင်းပမည့် အစည်းအဝေးတွင် မေးမြန်းဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ နယ်မြေအသီးသီးရှိ ဒေသလိုအပ်ချက်များနှင့် ပြည်သူလူထု၏ တင်ပြချက်များကို အနီးကပ် နားထောင်မှတ်သားကာ မေးခွန်းများနှင့် အဆိုများကို ကြိုတင်ပြင်ဆင်လျက်ရှိကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အရေးပါသော ဆွေးနွေးချက်များ ထွက်ပေါ်လာဖွယ်ရှိသဖြင့် ဒေသခံများက စိတ်ဝင်တစား စောင့်မျှော်လျက်ရှိကြောင်း သတင်းရရှိပါသည်။
