ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများမြင့်တက်နေခြင်းက နိုင်ငံ၏ နိုင်ငံခြားအရန်ငွေအပေါ် ဖိအားဖြစ်လာသောကြောင့် လောင်စာဆီချွေတာရန်၊ အိမ်မှာနေ၍အလုပ်လုပ်ခြင်း အစီအစဉ်ကို ကျင့်သုံးရန်နှင့် ခရီးသွားလာခြင်းနှင့် သွင်းကုန်များကို ကန့်သတ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက တနင်္ဂနွေနေ့တွင် တိုက်တွန်းခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျင့်သုံးခဲ့သော နေအိမ်မှာအလုပ်လုပ်ခြင်းနှင့် အစည်းအဝေးများကို အွန်လိုင်းမှသာပြုလုပ် ကျင်းပခြင်းတို့ကို ဦးစားပေးခြင်းအားဖြင့် အိန္ဒိယသည် လောင်စာဆီလျှော့ချသုံးစွဲရာတွင် အထောက်အကူဖြစ်စေမည်ဟု မိုဒီက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် နိုင်ငံခြားငွေချွေတာရေးကို အထူးအလေးထားရမည်ဟု ၎င်းက ဆိုခဲ့သည်။
ထို့အပြင် လောင်စာဆီချွေတာရန်အတွက် မြေအောက်ရထားကဲ့သို့သော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရန်နှင့် သွားရောက်မည့်နေရာတူလျှင် ဖြစ်နိုင်သမျှ ကားအတူတူစီးကြရန်ကိုလည်း ပြည်သူများကို မိုဒီက တောင်းဆိုသည်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနှင့် သုံးစွဲသူဖြစ်သော အိန္ဒိယသည် ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒီဇယ်နှင့် ဓာတ်ဆီအတွက် ဓါတ်ဆီဆိုင် ဈေးနှုန်းများကို မြှင့်တင်ရန် အဆိုပြုချက်မရှိကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း ဈေးနှုန်းမြင့်တက်လာသော်လည်း ဈေးတက်ရန် မရှိသေးသည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
မင်္ဂလာဆောင်အခမ်းအနားများတွင် ရွှေကိုအကြီးအကျယ် ဝယ်ယူအသုံးပြုလေ့ရှိကြသော အိန္ဒိယလူမျိုးများအနေဖြင့် ရွှေဝယ်ယူခြင်းများ မလုပ်ကြရန်နှင့် နိုင်ငံခြားငွေကို ချွေတာရန်အတွက် မသွားမဖြစ်မဟုတ်သော ပြည်ပခရီးများကို တစ်နှစ်ခန့် မသွားဘဲနေကြရန် မိုဒီက တိုက်တွန်းခဲ့သည်။
မိသားစုများအနေဖြင့် ဟင်းချက်ဆီသုံးစွဲမှုကို လျှော့ချရန်လည်း မိုဒီက တောင်းဆိုခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းနှင့် မျိုးချစ်စိတ်ရှိခြင်း နှစ်မျိုးလုံးအတွက် အကျိုးရှိစေကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် လယ်သမားများအနေဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုများကို ထက်ဝက်အထိ လျှော့ချသုံးစွဲကြရန်ကိုလည်း မိုဒီက တောင်းဆိုခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
