စျေးဆိုင်ခန်းပေါင်း(၂၄၉)ခန်းပါဝင်ပြီး မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နှင့် တိုးချဲ့ရပ်ကွက်များတွင်နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာဈေးဝယ်ယူနိုင်စေရန်နှင့် ပျံ့ကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန်အတွက် အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်း၌ “အောင်သစ်လွင်”စျေးသစ်ကို ယနေ့ မေ ၈ ရက်ကဖွင့်လှစ်ခဲ့သည်။
အဆိုပါ စျေးသစ်ကို မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းအစိုးရ အဖွဲ့အနေဖြင့် ပြည်သူ့အသံကိုနားထောင်ပြီး အစဉ်တစိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ “အောင်သစ်လွင်”ဈေးသစ်သည် ပြည်သူလူထု၏အ ခြေခံလိုအပ်ချက်ထဲမှ အဓိကကျသောအဆောက်အအုံတစ်ခုဖြစ်၍ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ စျေးသစ်သည် အလျားပေ(၇၂၀)၊ အကျယ်ပေ(၁၀၀)ပေါ်တွင် ဆိုင်ခန်း(၁၅၃)ခန်း၊ သားငါးဆိုင်ခန်း (၁၂)ခန်း၊ ပျံကျဆိုင်ခန်း(၈၄)ခန်း (စုစုပေါင်း ၂၄၉ ခန်း)ပါဝင်ကာ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ကားများအလွယ်တကူဝင်ထွက်သွားလာနိုင်ရန် ကွန်ကရစ်လမ်းများခင်းပေးထားသည်။
ထို့ပြင် ၄-၁/၂”လက်မစက်ရေတွင်း၊ စင်မြင့်ရေစင်၊ မြေစိုက်ရေလှောင်ကန်များနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် Drain & Apron လုပ်ငန်းများ၊ အများသုံးသန့်စင်ခန်းများကိုလည်း စနစ်တကျထည့်သွင်းတည်ဆောက်ပေးထားသည်။
