လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အဓိကအင်အားစုဖြစ်၍ အသိပညာ၊ အတတ်ပညာ ပြည့်ဝရန်လိုအပ်ပြီး မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးကြရမည်ဟု ပြောသည်။
ထို့ပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့်အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကိုတန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လည်းလိုအပ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
