ဧပြီလ ၂၁ ရက်
တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို လျင်မြန်စွာ တိုးချဲ့ပြီး ဤကဏ္ဍ ၌ ကမ္ဘာ့ ထိပ်သီးဖြစ်လာရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖို အလုံး ၅၀ အထိ ကို တစ်ပြိုင်နက်တည်း တည်ဆောက်နိုင်စွမ်းရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
သောကြာနေ့က တရုတ်နျူကလီးယားစွမ်းအင်အသင်း (စီအန်အီးအေ) က ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ဒီဇိုင်း ပုံထုတ်ရေးဆွဲခြင်းမှ တည်ဆောက်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ဓာတ်ပေါင်းဖို ဒါဇင်ပေါင်းများစွာအတွက် တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
“တရုတ်နိုင်ငံရဲ့ နျူကလီးယားနည်းပညာ စွမ်းဆောင်ရည်ဟာ ‘နောက်ကလိုက်’ တဲ့ အဆင့်ကနေ ‘ရင်ဘောင်တန်း’ တဲ့ အဆင့်၊ အချို့နေရာတွေမှာ ‘ဦးဆောင်’ တဲ့ အဆင့်ကို ကူးပြောင်းသွားပြီ ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်အာဏာပိုင်များသည် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် နျူကလီးယားကဏ္ဍကို မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့သည်။ အထူးသဖြင့် လက်ရှိဖြစ်ပွားနေသော အီရန်အရေး ပဋိပက္ခများအကြား ဤမဟာဗျူဟာမှာ ပိုမိုအရေးတကြီး လိုအပ်လာခဲ့သည်။
စီအန်အီးအေ ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်၌ “အင်အားကြီးနိုင်ငံ” ဖြစ်လာရန် ရည်မှန်းထားပြီး၊ စုစုပေါင်း နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း၌ အမေရိကကို ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင် ထုတ်လုပ်သူ ဖြစ်လာမည်ဖြစ်သည်။
နည်းပညာပိုင်းတွင် တရုတ်နိုင်ငံထုတ် တတိယမျိုးဆက် ဓာတ်ပေါင်းဖိုဖြစ်သော ဟွာလောင်ဝမ်း ယူနစ် ၈ ခုမှာ လည်ပတ်နေပြီဖြစ်ပြီး နောက်ထပ် ၃၃ ခုကို တည်ဆောက်ရန် ခွင့်ပြုထားသည်။ ထို့အပြင် စတုတ္ထမျိုးဆက်ဖြစ်သော အပူချိန်မြင့် ဓာတ်ငွေ့အေးပေး ဓာတ်ပေါင်းဖိုများသည်လည်း စက်မှုလုပ်ငန်းသုံး အပူပေးခြင်းကဏ္ဍများတွင် အကူအညီပေးနိုင်မည် ဖြစ်သည်။
ယမန်နှစ်က တရုတ်နိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှုတွင် နျူကလီးယားစွမ်းအင်သည် ၄.၈၂ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း စီအန်အီးအေ ၏ အချက်အလက်များအရ သိရသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
