ဧပြီလ ၂၁ ရက်
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် အာဆီယံနိုင်ငံတိုင်းကို ထိခိုက်နေပြီး ကပ်ဆိုက်ခါ နီးနေပြီဖြစ်ကြောင်း မလေးရှားစူလ်တန် နာဇရင် ရှား က ဆိုသည်။
စူလတန်က ဆက်လက်ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကို တိုက်ရိုက်ထိခိုက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
“စွမ်းအင်၊ မြေဩဇာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အဆမတန်မြင့်တက်လာတာဟာ အစားအသောက်ဈေးနှုန်းတွေကို မြင့်တက်စေပြီး၊ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကုန်ကျစရိတ်တွေကို တိုးပွားစေကာ ငွေကြေးဖောင်းပွမှုကို အားပေးနေပါတယ်။ စွမ်းအင်အရန်အင်အားနည်းတဲ့ နိုင်ငံတွေဟာ အဆိုးရွားဆုံး ထိခိုက်ရသူတွေ ဖြစ်ပါတယ်” ဟု အင်္ဂါနေ့က ကျင်းပသော ပူထရာဂျာယာ ဖိုရမ်တွင် ၎င်းက ပြောကြားခဲ့သည်။
“စီးပွားရေးကပ်က ဆိုက်ခါနီးနေပါပြီ။ ရေလက်ကြားကို မကြာမီကာလအတွင်း ပြန်ဖွင့်နိုင်ရင်တောင် လူနေမှုဘဝတွေအပေါ် သက်ရောက်မှုတွေက လပေါင်းများစွာ ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် အနောက်အာရှ (အရှေ့အလယ်ပိုင်း) ပဋိပက္ခကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေကို လျင်လျင်မြန်မြန်နဲ့ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။
ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးနှင့် ပတ်သက်၍လည်း “ပတ်ဝန်းကျင်လုံခြုံရေးဆိုတာ ချမ်းသာကြွယ်ဝလာမှ လုပ်ရမယ့် အပိုအစီအစဉ်တစ်ခု မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာဂြိုဟ်နဲ့ လူသားလုံခြုံရေးရဲ့ အခြားကဏ္ဍတိုင်း အခြေပြုရမယ့် အုတ်မြစ်ဖြစ်ပါတယ်” ဟု ၎င်းက တိုက်တွန်းခဲ့သည်။
“မိမိကိုယ်ကိုယ် အစားအစာ မကျွေးနိုင်၊ ရေမပေးနိုင် ဒါမှမဟုတ် ပင်လယ်ကမ်းရိုးတန်းတွေကို ရေလွှမ်းမိုးမှုဒဏ်က မကာကွယ်နိုင်တဲ့ ဒေသတစ်ခုဟာ ဘယ်လောက်ပဲ ခေတ်မီတဲ့ စစ်ရေးနည်းပညာတွေ ရှိနေပါစေ၊ စစ်မှန်တဲ့ အဓိပ္ပာယ်အရ လုံခြုံမှုမရှိနိုင်ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုများကို နည်းပညာဖြင့် လျှော့ချနိုင်သော်လည်း နည်းပညာကို ဂရုမစိုက်ဘဲ အသုံးချပါက ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း၊ နည်းပညာကျွမ်းကျင်ရုံသာမက ခိုင်မာသော ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိစိတ်ရှိသည့် မျိုးဆက်တစ်ခုကို ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
