၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၀၁၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ငါး မက်ထရစ်တန် ၃၂၆,၃၂၉ ဒသမ ၆၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် အဆိုပါ ဝင်ငွေကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းတင်ပို့မှုများကို ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်မျိုးလုံးမှ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ငါး မက်ထရစ်တန် ၁၅၀,၀၀၇ ဒသမ ၆၄၇ တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၂၄၀ ဒသမ ၄၈၂ သန်း ဝင်ငွေရရှိခဲ့သည်။ ထို့ပြင် နယ်စပ်ကုန်သွယ်မှုမှလည်း မက်ထရစ်တန် ၁၇၆,၃၁၂ ဒသမ ၉၇၁ တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၁၆၃ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငါးအပါအဝင် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ပုံမှန်တင်ပို့ခြင်းအပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
