၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သော ၇၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ဆုမဲ ၃၆,၀၀၀ ကျော် မထုတ်ယူရသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။
ထိုဖွင့်ပွဲတွင် ဆုမဲစုစုပေါင်း ၂၁၉,၁၂၁ ဆု ချီးမြှင့်ခဲ့ရာ ယနေ့အထိ ဆုမဲ ၃၆,၃၈၅ ဆုကို ဆုရရှိသူများက လာရောက်တောင်းခံခြင်း မရှိသေးကြောင်း သိရသည်။
မထုတ်ယူရသေးသော ဆုမဲများတွင် ကျပ်သိန်း ၂၀၀ ဆု သုံးဆု၊ ကျပ်သိန်း ၁၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၅၀ ဆု နှစ်ဆုအပြင် ကျပ်သိန်း ၂၀ ဆု ခြောက်ဆု၊ ကျပ် ၁၀ သိန်းဆု လေးဆု၊ ကျပ်သုံးသိန်း ဆု ခုနစ်ဆု၊ ကျပ်နှစ်သိန်း ဆု ၂၃၁ ဆု၊ ကျပ်တစ်သိန်း ဆု ၁,၁၃၂ ဆု၊ ကျပ်ငါးသောင်း ဆု ၁၁၂၉ ဆုနှင့် ကျပ်တစ်သောင်း ဆု ၃၃,၈၇၀ ဆုတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆုရလက်မှတ်များကို ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ ရန်ကုန်နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် တင်ပြကာ ဆုငွေများ လာရောက်ထုတ်ယူနိုင်ကြောင်းလည်း အသိပေးထားသည်။
သတ်မှတ်ထားသည့် နောက်ဆုံးနေ့အထိ ဆုငွေများကို လာရောက်ထုတ်ယူခြင်း မရှိပါက အဆိုပါဆုငွေများကို နိုင်ငံတော်၏ အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။
