မြန်မာနိုင်ငံဒေသအသီးသီးမှ ထွက်ရှိသည့် ဒူးရင်းသီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပခဲ့သည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင်လည်း မြန်မာ့ဒူးရင်းသီးအကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒူးရင်းသီးပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပြီး ပြည်တွင်းဒူးရင်းမျိုးများကို ဖော်ထုတ်ရန်အတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင် ကိုယ်စားလှယ် (၅)ဦး ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းမျိုးခွဲပေါင်း (၁၈) မျိုးရှိပြီး ပြည်တွင်း စားသုံးရုံသာမက တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ဝယ်လို အားမြင့်မားသည့်အတွက် ဒူးရင်းစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ဝင်ငွေကောင်းမွန်သည့် လုပ်ငန်းအဖြစ်ရပ်တည်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – MDN
