ဒဂုံမြို့သစ်တောင်ပိုင်းတွင် သင်္ကန်းဝတ်ကာ မိသားစုနှင့် အတူနေ၍ အလှူခံနေသူ နှစ်ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စက်တင်ဘာလ (၂၂) ရက်တွင် ထိန်းသိမ်းအရေးယူခဲ့သည်။
၎င်းတို့ နှစ်ဦးကို ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်( ၁၀၆ ) ရပ်ကွက်အတွင်း၌ သံဃာ့နာယက၏ သာသနာဝင်အမှတ်မရှိဘဲ သင်္ကန်းဝတ်ဆင်၍ လူနေအိမ်တွင် မိသားစုများနှင့်အတူနေထိုင်လျက်ရှိကြောင်း သတင်းအရသွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် သံဃာတော်များ၊ အရပ်ဘက်တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပြီး သဟာရလမ်းရှိ နေအိမ်တွင် အသက် (၆၇) နှစ်အရွယ်ရှိသော ဦးကံမြင့်ဆွေ၊ မြဝတ်ရည်လမ်းသွယ်တွင် အသက် (၅၅)နှစ်အရွယ်ရှိ ဦးကျော်ကျော်တို့နှစ်ဦးအား သင်္ကန်းဝတ်နှင့် နေအိမ်တွင် မိသားစုနှင့်အတူနေထိုင်ပြီး အလှူခံစားသောက်နေသည်ကိုတွေ့ရသဖြင့် ထိန်းသိမ်းအရေးယူခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေသည်ဟု သိရသည်။
