ပြည်တွင်းစျေးကွက်အတွင်း၌ ယခုလပိုင်းအတွင်း သကြားစျေးနှုန်းများကျဆင်းလျက်ရှိကြောင်း ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ သကြားရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်တွင်းသုံးစွဲမှုနည်းပါးပြီး ကုန်ကြမ်းစျေးမြင့်မားခြင်း၊ ငွေကြေးလည်ပတ်သုံးစွဲမှုခက်ခဲခြင်း၊ ကျန်းမာရေးသတ်မှတ်ချက်များကြောင့် သကြားဂိုဒေါင်များပိ-တ်ထာရခြင်း၊ သကြားလက်ကျန်နည်းပါးနေခြင်း စသည့်အခြေအနေများကြောင့် မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကြံကြိတ်ခွဲရာစက်ရုံများသို့ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲကြုံခြင်းကြောင့် စက်ရုံမပို့ဘဲ သကြားထက်စျေးကောင်းရသည့် ကြံသကာချက်လုပ်ခြင်းများရှိပြီး ယခုနှစ်တွင် သကြားထုတ်လုပ်မှု အနည်းငယ်ကျဆင်းခဲ့ကြောင်းလည်း သိရသည်။
ယခင်က ပွဲရုံစျေးကွက်အတွင်း သကြားတစ်ပိဿာလျှင် (၄,၉၅၀) ကျပ်မှ (၅,၁၀၀) ကျပ် ကြား ပေါက် စျေးရှိနေရာမှ လက်ရှိအချိန်တွင် (၄,၂၀၀) ကျပ်မှ (၄,၆၅၀) ကျပ်ကြားဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရသည်။
ယခုဖြစ်ပေါ်နေသော သကြားစျေးနှုန်းမှာ ၂၀၂၅ ခုနှစ် ကြံကြိတ်ခွဲသောရာသီစတင်သည့် ဇန်နဝါရီလဆန်းပိုင်းကာလအတွင်းကရှိခဲ့သော တစ်ပိဿာ (၄,၈၀၀)ကျပ်မှ (၅,၀၀၀)ကျပ်ကြား ပေါက်စျေးအောက် ကျဆင်းနေခြင်းလည်း ဖြစ်သည်။
ပြည်တွင်း၌ သကြားစက်အကြီး (၂၉) ရုံ ရှိပြီး ယင်းအနက်ထက်ဝက်ကျော်လောက်မှ လည်ပတ်ထုတ် လုပ်ခဲ့ရာ ယခုနှစ် ကြံရာသီအတွင်း ပြည်တွင်းသကြားထုတ်လုပ်မှု တန်ချိန် (၅) သိန်းဝန်းကျင်ရှိခဲ့ကြောင်းလည်း သိရသည်။
