တရုတ်နဲ့ ရုရှားဟာ ဒုတိယကမ္ဘာစစ်ရဲ့ အဓိကအောင်နိုင်သူများဖြစ်တယ်လို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပေကျင်းမှာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
“မေလ ၉ ရက်နဲ့ စက်တင်ဘာ ၃ ရက်တွေမှာ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ(World Anti-Fascist War) အောင်ပွဲ အထိမ်းအမှတ်ပွဲတွေကို ဆင်နွှဲကြမှာဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းမွန်တဲ့ ထုံးတမ်းစဉ်လာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ဒုတိယကမ္ဘာစစ်ရဲ့ အဓိကအောင်နိုင်သူနိုင်ငံတွေလဲဖြစ်ကြသလို၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေလည်းဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားတို့မှာရှိတဲ့ ကြီးမားတဲ့တာဝန်ကို ပြတ်ပြတ်သားသား ပြသနေပါတယ်” လို့ ရှီက ပြောတာပါ။
ရှီရဲ့အဆိုအရ ခေါင်းဆောင်တွေရဲ့ အဆိုပါအောင်ပွဲအခမ်းအနားတွေ တက်ရောက်မှုဟာ ဒုတိယကမ္ဘာစစ်နဲ့ ပတ်သက်တဲ့ အမှန်တရားကိုကာကွယ်ဖို့ နှစ်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြနေပါတယ်။
အောင်ပွဲရဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကြီးကို စက်တင်ဘာ ၃ ရက်နေ့မှာ ပေကျင်းမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တခြားနိုင်ငံများရဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
