မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သြဂုတ်လ၂၅ ရက်နေ့က ကျင်းပပြုလုပ်သော အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း လုံခြုံဘေးကင်းရေးဖိုရမ်သို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်းကင်မ်ဟုန် က အမှာစကားပေးပို့ခဲ့သည်။
ခရီးသွားလုပ်ငန်းကဏ္ဍလုံခြုံရေးနှင့် ဘေးကင်းရေးသည် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်သော အခြေခံအုတ်မြစ်များဖြစ်ကြောင်း သူက အလေးထားပြောကြားခဲ့သည်။
ညှိနှိုင်းဆက်သွယ်ရေး၊ အကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်မှုနှင့် လူထုယုံကြည်မှု တည်ဆောက်ရေးတို့အတွက် လက်တွေ့ကျသော လမ်းညွှန်မှုပေးသည့် အာဆီယံခရီးသွားလုပ်ငန်း အကျပ်အတည်း ဆက်သွယ်ရေးလက်စွဲကဲ့သို့သော အာဆီယံ စီမံကိန်းမျိုးကိုအလေးထားပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို ချမှတ်ခဲ့ကာ လာမည့်ဆယ်စုနှစ် နှစ်ခုအတွက် အာဆီယံအသိုက်အဝန်း အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် မိမိတို့၏ စုပေါင်းရည်ရွယ်ချက်ကိုဖော်ဆောင်ရန် မူဘောင်ချမှတ်နိုင်ရေးနှင့် မဟာဗျူဟာလမ်းညွှန်ချက်ချမှတ်နိုင်ရေး မျှော်မှန်းထားသည်ဟုဆိုသည်။
အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဘေးကင်းမှု၊ ရေရှည်တည်တံ့မှုနှင့် လုံခြုံးရေးတို့ကို အခြေခံသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သူက အလေးပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် အာဆီယံနှင့် တရုတ်အကြား ခရီးသွားလာမှုသည် သိသိသာသာပြန်တက်လာခဲ့ကြောင်း အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားဦးရေ ၁၆ သန်းရှိခဲ့ကာ တရုတ်နိုင်ငံမှ အာဆီယံသို့ လာရောက်ခဲ့သူဦးရေ သန်း ၂၀ ရှိခဲ့ကြောင်း ၄င်းက ပြောကြားသွားခဲ့သည်။
