ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ သြဂုတ် ၂၅ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင်လည်း မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်ည ၈ နာရီမှ သြဂုတ် ၂၄ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၄၉၃)ခုအား စစ်ဆေးခဲ့ရာမှ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည့်အပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ် (၁၉)ရောဂါဖြင့် သေဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်အဖြင့် ကိုဗစ်(၁၉)ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်စ ရာမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
