စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူဆရာတော်ကြီး၏ဦးဆောင်မှု၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ကြီးကြပ်မှုတို့ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိပြုလုပ်ပေးသွားမည်ဖြစ်သည်။
ထိုသို့ စမ်းသပ်စစ်ဆေးခွဲစိတ်ကုသရာ၌ မျက်စိစမ်း သပ်သည့် ဆေးဖိုးကျသင့်ငွေမှာ တစ်ဦးလျှင် (၂၅,၀၀၀)ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေမှာ တစ်ဦးလျှင်(၂၅၀,၀၀၀)ကျပ်တို့ဖြစ်ရာ သဲဖြူဆရာတော်ကြီးမှ ငွေကျပ်သိန်း(၁,၀၀၀)မတည်လှူဒါန်းပေးထားသည်။
ထို့ကြောင့် အလှူရှင်များအနေဖြင့်လည်း မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ၊ မျက်စိခွဲစိတ် သည့် ဆေးဖိုးကျသင့်ငွေများနှင့် မျက်စိအထူးကုနှင့်သူနာပြုများ၊ လူနာစောင့်များ၊ မျက်စိဝေဒနာရှင်များ(စုစုပေါင်း ၁၅၀၀ ဦး)အတွက် ကျွေးမွေးစရိတ်များကိုလည်းလှူဒါန်းနိုင်သည်ဟု အသိပေးနှိုးဆော်ထားသည်။
