ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က တောင်းဆိုလိုက်သည်။
ဇနီးဖြစ်သူနှင့် သားတို့သည် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ ကုန်တိုက်တစ်ခုမှ ပြန်လည်ထွက်ခွာရန် ကားအတွင်းသိုအဝင်တွင် အမျိုးသားတစ်ဦးက သားဖြစ်သူကို ဆွဲခေါ်သွားကာ ဆေးထိုးအပ်ဖြင့်ထိုးခဲ့သည်ဟု ရာဖီဇီက ပြောဆိုခဲ့သည်။
ယင်းတိုက်ခိုက်မှုသည် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်းနှင့် သူ့ကို ပါးစပ်ပိတ်ထားစေရန် သတိပေးသည့် သဘောဖြစ်ကြောင်း ရာဖီဇီက ဆိုသည်။
ရာဖီဇီ၏ အဆိုအရ ယင်းဖြစ်ရပ်အပြီးတွင် ၎င်း၏ ဇနီးဖြစ်သူသည် ခြိမ်းခြောက်စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်ဟုလည်း သိရသည်။ ယင်းစာများတွင် “ပါးစပ်ပိတ်ထား၊ ဆက်လုပ်နေရင်၊ အေအိုင်ဒီအက်စ်” ဟု ဖော်ပြထားခဲ့သည်။ WhatsApp မှပို့သည့် ဒုတိယစာတွင် ဆေးထိုးအပ် အီမိုဂျီသုံးခုကို ဖော်ပြခဲ့သည်ဟု ကွာလာလမ်ပူရ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်အမတ်က ပြောကြားခဲ့သည်။
သားဖြစ်သူကို ထိုးသွင်းခဲ့သော အရာသည် ဗိုင်းရပ်စ် ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်ရန် နောက်ထပ်ခြောက်လခန့် အချိန်ယူရဦးမည်ဟု ၎င်းက ပြောသည်။
ဇွန်လအတွင်းက စီးပွားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ထားခဲ့သည့် ရာဖီဇီသည် အာဏာရပါတီအဖွဲ့ဝင်တစ်ဦးအဖြစ်ရှိနေသေးသော်လည်း အစိုးရကို ဝေဖန်ပြစ်တင်ခဲ့သည်။. တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်သည်ဆိုသော စွပ်စွဲချက်အတွက် တော်ဝင်စစ်ဆေးကော်မရှင်က စစ်ဆေးပေးရန် ၎င်းက တောင်းဆိုခဲ့သကဲ့သို့ သိပ်မကြာသေးခင်ကလည်းကျောင်းသားငယ်များကို ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်စေကြောင်းနှင့် ဝန်ကြီးချုပ်ကို ချစ်ခင်ကြောင်း စာသားများရွတ်ဆိုခိုင်းခဲ့သည့် ပညာရေးဝန်ကြီးကို ဝေဖန်ခဲ့သေးသည်။
ရာဖီဇီ၏ သားကို တိုက်ခိုက်မှုသည်အန္တရာယ်များကြောင်းနှင့် လှည့်ဖြားမှုတစ်ခုဖြစ်ကြောင်း ဗုဒ္ဓဟူနေ့ညပိုင်းက တင်ခဲ့သော ဖေ့စ်ဘွတ်ခ်ပို့စ်တွင် အန်ဝါက ပြောကြားခဲ့ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အီစမိုင်နှင့် သူ ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref: ဘီတီ
