၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြန်လည်ဖြေဆိုခဲ့ရသော တက္ကသိုလ်ဝင်စာမေးပွဲတို့၏ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ အောင်မြင်သူ(၉၉,၉၂၄)ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းမှ (၃၇,၄၆၇)ဦးဝင်ရောက်ဖြေဆိုရာ (၁၉,၃၆၆)ဦးဖြင့်အများဆုံးအောင်မြင်ခဲ့ပြီး မန္တလေးတိုင်းမှ (၃၃,၇၉၁)ဦးဝင်ရောက်ဖြေဆိုရာ (၁၆,၇၆၆)ဦးဖြင့် ဒုတိယအများဆုံး ဧရာဝတီတိုင်းမှ (၃,၂၂၄၁)ဝင်ရောက်ဖြေဆိုပြီး (၁၅,၁၀၇)ဦးဖြင့် တတိယအများဆုံးအောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်မှ (၄,၁၀၀)ဦး၊ ကယားပြည် နယ်မှ (၆၈)ဦး၊ ကရင်ပြည်နယ်မှ (၁,၅၀၀)ဦး၊ ချင်း ပြည်နယ်မှ (၁၁၀)ဦး၊ စစ်ကိုင်းတိုင်းမှ (၄,၂၄၁)ဦး၊ တနင်္သာရီတိုင်းမှ (၂,၂၉၇)ဦး၊ နေပြည်တော်မှ (၅,၇၄၁)ဦး၊ ပဲခူးတိုင်း(အရှေ့)မှ (၅,၇၄၄)ဦး၊ ပဲခူး တိုင်း(အနောက်)မှ (၃,၀၂၇)ဦး၊ မကွေးတိုင်းမှ (၉,၂၀၇)ဦး၊ မွန်ပြည်နယ်မှ (၅,၁၂၈)ဦး၊ ရခိုင်ပြည်နယ်မှ (၅၅၀)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၆၀၃၅)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၂၇၉) ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆၃၉)ဦးနှင့် နိုင်ငံ ခြားစာစစ်ဌာနများမှ (၁၉)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ဖြေဆိုသူ(၂၀၇,၈၉၈)ဦးအနက် အောင်မြင်သူ(၉၉,၉၂၄)ဦးရှိခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၈ ဒသမ ၀၆)ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းပေါ်ကလည်း အောင်စာရင်းကြည့်၍ရသဖြင့် ကျောင်းများတွင် လာကြည့်သူ သိပ်မများသေးပေ။
