မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ ရောက်ရှိနေကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီဌာန၏ အသိပေးချက်အရ သိရသည်။
မန်းချောင်းရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅ ) ပေရှိကာ လက်ရှိရောက်ရှိနေသည့် ရေမှတ်မှာ (၆၂၈ .၄၀) ပေသို့ ရောက်ရှိနေပြီး (၃) ပေကျော် မြင့်တက်လာခြင်းဖြစ်သည်။
ယမန်နေ့ နံနက် (၆) နာရီအချိန်တွင် ရေပိုလွှဲမှ ရေကျော်အမြင့် (၂.၂) ပေရှိနေရာမှာ ညနေ (၆)နာရီအချိန်တွင် (၁)ပေကျော်ထပ်မံမြင့်တက်လာသည်ဟု အသိပေးချက်အရ သိရသည်။
မန်းချောင်းရေလှောင်တမံ၏ အမြင့်မှာ (၆၄၀)ပေရှိပြီး ရေပြည့်အမှတ် (၆၂၅) ပေနှင့် ရေသေအမှတ်မှာ (၅၇၀)ပေရှိကြောင်း သိရသည်။
ယမန်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်၊ ကန်၊ တမံများ၏ ရေသိုလှောင်ထားမှု အခြေအနေ၊ မိုးရွာသွန်းမှု အခြေအနေ၊ တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ ကြံခိုင်ကောင်းမွန်လျှက်ရှိသည်ဟု အသိပေးထားသည်။
