မြန်မာ-ပါကစ္စတန် လက်ရွေးစင်ဘောလုံးအသင်းတို့၏ ၂၀ ၂၇ အာရှဖလားခြေစစ်ပွဲစဉ်ကို ယခုလ ဇွန် (၁၀) ရက် ၊ ညနေ (၅) နာရီအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပရန် (၂)ရက်သာ လိုတော့ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
ပွဲစဉ်ကြည့်ရှုရန်အတွက် ကြိုတင်လက် မှတ်များကို ဇွန်လ (၇) ရက်မှ (၉) ရက်အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး၌ ရောင်းချပေးလျက်ရှိကာ လက်မှတ်နှုန်းထားများအနေဖြင့် Grand Stand ကျပ် (၅,၀၀၀)၊ East Stand ကျပ် (၂,၀၀၀) သတ်မှတ်ရောင်းချပေးလျက်ရှိသည်ဟု အသိပေးထားသည် ။
၂၀၂၇ အာရှဖလားခြေစစ်ပွဲစဉ်အတွင်း မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားပြီး ပါကစ္စတန်အသင်းမှာ ဆီးရီးယားအသင်းကို(၂)ဂိုးပြ-တ်ဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာအသင်းသည် ကမ္ဘာ့အဆင့် (၁၆၂) ၌ ရပ်တည်နေပြီး ၊ ပါကစ္စတန်အသင်းမှာ ကမ္ဘာ့အဆင့်(၁၉၈)၌ ရပ်တည်နေသည့် အသင်းများဖြစ်သည်။
ယခု ဇွန်လ(၁၀)ရက်တွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ကို မူလက ပါကစ္စတန်အသင်းက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည်ဖြစ်သော်လည်း ပါကစ္စတန်အသင်း၏ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ကာ ဒုတိယအကျော့ ပွဲစဉ်ကို ပါကစ္စတန်အသင်းက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
