ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုခွင့်ပြုပေးခဲ့သည့် IOR – 6 (မြန်အောင်ဒေသ) သည် ဒုတိယအကြိမ်မြောက်ခွင့်ပြုပေးခဲ့သော ကုန်းပိုင်းလုပ်ကွက်ဖြစ်ကြောင်း၊ ပထမလုပ်ကွက်ကို တိုင်းရင်းသားပိုင်ရေနံကုမ္ပဏီ တစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ခွင့်ပြုပေးခဲ့ပြီး ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်နေနိုင်ပြီဖြစ်၍ ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ယခု ဒုတိယလုပ်ကွက်ဖြစ်သည့် မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင်ပါဝင်၍ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင်တည်ရှိပြီး အစဉ်အလာ ကောင်းခဲ့သည့် ရေနံမြေတစ်ခု ဖြစ်ကြောင်း၊ ယင်းဒေသမှ ရေနံစိမ်းများ တိုးတက်ရရှိရန် မျှော်မှန်းပြီး စက်သုံးဆီများချက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံသားပိုင်ရေနံကုမ္ပဏီများအနေဖြင့် နိုင်ငံတကာ ရေနံကုမ္ပဏီများအဆင့်သို့ တက်လှမ်းလာနိုင်ခြင်း၊ ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အားကောင်းလာခြင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်၏ စွမ်းအင်သယံဇာတများကို အကျိုးရှိထိရောက် စွာထုတ်ယူအသုံးချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူးနှင့် Myanmar Kinsanar Co., Ltd. ၏ Managing Director တို့က ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ – ၂ အတွက်တိုးတက် ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
