စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မုတ္တမ ကမ်းလွန်စီမံကိန်းအသစ်ကို ထိုင်းကုမ္ပဏီ တစ်ခုနှင့် ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သော Gulf Petroleum Myanmar Co., Ltd. တို့အ ကြား မုတ္တမကမ်းလွန်လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း) တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရန် အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာ ချုပ် (Production Sharing Contract-PSC) ရေးထိုးချုပ်ဆိုပွဲအခမ်းအနားကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။
မိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့ သိုက်များ အတန်အသင့်ရှိရာ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီးများသည် သဘာဝအလျောက် ထုတ်လုပ်မှုများကျဆင်းလာနေပြီး စီမံကိန်းပြီးဆုံးမည့် ကာလများလည်း နီးကပ်လာသဖြင့် အလားအလာကောင်းများရှိသည့် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
ယခုလိုဆောင်ရွက်ခြင်းဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ငွေကြေးထည့်ဝင်မှု အားကောင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ခြင်း၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ ပြည်တွင်းရေနံနှင့်သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို တစ်ဘက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး စီမံကိန်းရည်မှန်းချက်ဖြစ်သည့် ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် လက်ရှိအချိန်အထိ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းကြီး လေးခု၊ ထပ်မံ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီး နှစ်ခု စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး (၆)ခု ရှိပြီးဖြစ်ကြောင်း သိရသည်။
ယခု မုတ္တမကမ်းလွန် လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း) သည် နိုင်ငံတော်၏ သတ္တမမြောက် ကမ်းလွန်စီမံကိန်းကြီး ဖြစ်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
