မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားအား နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းကပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတွင် သဘာဝဘေးအခြေအနေကြုံတွေ့ ရမှုများ နှင့်ပတ်သက်၍ ခေတ်ဟောင်းကာလတွင် ၂ ကြိမ်ကြုံတွေ့ခဲ့ရကြောင်း၊ မြို့ရွာတချို့မှာ ရုတ်တရက် ရေကြီးရေလျှံမှုနှင့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရ ကြောင်းပြောသည်။
နစကဥက္ကဋ္ဌ က ငလျင်ဘေးတွင် ပြည်တွင်းပြည်ပအကူအညီများကိုတောင်းခံခဲ့သည့်အပြင် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်တွင်လည်း နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံကာ အကူအညီတောင်းခံခဲ့ကြောင်းလည်းပြောသည်။
အစိုးရအနေဖြင့်သဘာဝဘေးပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ “ငလျင်ဒဏ်ခံဒေသတွေရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူများရဲ့ စုပေါင်းအားနဲ့ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံးရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” နစကဥက္ကဋ္ဌ က ပြောသည်။
ထို့ပြင် ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးကြသည့် ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းပေးကြသော ပြည်ပနိုင်ငံများ၊ ပြည်တွင်းက အလှူရှင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
