ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။
ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက် သက်ဆူတင်က ပြောကြားသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးများကို အရှိန်မြှင့်ထိုးနှံပေးလျက်ရှိသည်။
ယခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၇,၈၁၉ ဦး ရှိခဲ့သည်။ သို့ရာတွင် စနေနေ့ ဖေဖော်ဝါရီ ၁၅ ရက်အရောက်၌ ယခုနှစ်၏ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၉၉,၀၅၇ ဦးအထိ ခုန်တက်သွားခဲ့ကာ ေ-သဆုံးသူ ၉ ဦး ရှိခဲ့သည်ဟု ဆိုသည်။
စာသင်ကျောင်းများတွင် အများဆုံးကူးစက်နေပြီး အသက် ၅ နှစ်မှ ၉ နှစ်ကြား ကလေ-းများသည် ထိခိုက်အလွယ်ဆုံးအုပ်စုဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ နာခွန် ရတ်ချာစီမာ၊ ဆူရင်၊ ဘူရီရမ်နှင့် ချိုင်ယာဖန်းပြည်နယ်များသည် ရောဂါဖြစ်ပွားမှု အဆိုးဆုံးဒေသများဖြစ်ပြီး စုစုပေါင်း လူနာ ၆,၉၃၈ ဦး ရှိသည်။
တုပ်ကွေးရောဂါလက္ခဏာ ပြသူများအနေဖြင့် ဗိုင်းရပ်စ် မပြန့်ပွားရေးအတွက် နေအိမ်များတွင်သာ နေသင့်ကြောင်း မစ္စတာ ဆွန်ဆက်က ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၄၇၂,၀၀၀ ဦး ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၆၆၈,၀၀၀ အထိရှိခဲ့ကာ တဖြည်းဖြည်း မြင့်တက်လာနေသည်ဟု ရောဂါထိန်းချုပ်ရေးဌာနက ပြောဆိုသည်။
ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ရောဂါဖြစ်ပွားမှု ၄၇,၀၀၀ ဦးတွေ့ရှိခဲ့ကာ ယခုနှစ်တွင် လက်ရှိအထိ စုစုပေါင်းရောဂါဖြစ်ပွားသူ ၁၀၀,၀၀၀ နီးပါးရှိနေသည့်အတွက် ယခုနှစ် ရောဂါဖြစ်ပွားမှု အရေအတွက်သည် ယမန်နှစ်ကထက် ကျော်လွန်သွားမည်ဟု ယူဆထားသည်။
ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အဓိကဗိုင်းရပ်စ်အမျိုးအစားသည် H1N1 ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။
Ref: ဘန်ကောက်ပို့စ်
