ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆေးပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ပါကစ္စတန်နိုင်ငံမှ ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါကစ္စတန်နိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
