ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀) ခန့် နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့(နေပြည်တော်)မှသိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုရှိ အိမ်ထောင်စုစာရင်းနှင့် နေထိုင်သူများအားလုံး အွန်လိုင်းဘိုကင် (QR ကုတ်)စနစ်ဖြင့် ဘိုကင်တင်ကာ အိမ်ထောင်စုစာရင်းရှိသည့် သတ်မှတ်ရုံးများတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင်ရှိသည့် ရွှေ့ပြောင်းလုပ်သားများအတွက် နယ်စပ်ရုံး (၃)ရုံးဖြစ်သည့် မြဝတီ၊ တာချီလိတ် နှင့် ကော့သောင်းမြို့နယ်ရှိ ရုံးများတွင် အွန်လိုင်းဘိုကင်စနစ်မရှိဘဲ MoU U-turn စနစ်ဖြင့် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သလို နေ့ချင်းပြီး စနစ်ဖြင့် ရရှိနိုင်ကြောင်းလည်း သိရသည်။
အလားတူ နိုင်ငံကူးလက်မှတ်လုပ်ရန် လားရှိုးမြို့မှ အွန်လိုင်းဘိုကင် (QR ကုတ်) တင်ထားသည့် လျှောက်ထားသူများအနေဖြင့် တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့တို့တွင် သွားရောက်လုပ်ကိုင်နိုင်ပြီး ပြည်ပသွားရောက်မည့်သူများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး စုစုပေါင်း (၂၀)ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
