ထိုင်းနိုင်ငံမှ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့၌ ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူနယ်စပ်သို့ စစ်ဆေးရေးပြုလုပ်ရန်သတင်းများထွက်ပေါ်နေပြီး ယင်းအတွက် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းခွင့်ကိုပါ ကန့်သတ်ပိတ်ဆို့လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။
လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ် မီးဖြတ်တောက်ထားသည့်အတွက် ဒေသထုတ်ကုန်ပစ္စည်းများဈေးမြင့်တက်လာကာ နယ်စပ်ကုန်သွယ်မှုကိုထပ်မံ ကန့်သတ်လိုက်မည်ဆိုပါက အလုပ်အကိုင်များအပြင် တစ်ပိုင်တနိုင်ကုန်စည် ကူးသန်းရောင်းဝယ်သူများပါ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။
” အခုလောလောဆယ်တော့ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေမရှိသေးပါဘူး။ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာ။ ဒေသခံတွေက ကြိုတွေးပြီး စိုးရိမ်နေကြတာ။ ဒီနေ့အထိတော့ ဖြတ်သန်းခွင့်ရော ကုန်စည်တင်သွင်းခွင့်ရော ရနေပါသေးတယ် “ဟု ၎င်းကဆို သည်။
ဘုရားသုံးမြို့ရှိ နယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံဘက်မှ ကြ က်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းအချို့ တင်သွင်းနေပြီး၊ ထို င်းနိုင်ငံဘက်မှ အိမ်ဆောက် ပစ္စည်းအပါအဝင် အလှကုန်ပစ္စည်းတို့ကို ပြန်လည် တင်သွင်းလျှက်ရှိနေသည်။
လတ်တလော ဘုရားသုံးဆူမြို့တွင် စက်သုံးဆီပြတ်တောက်နေခြင်းကြောင့်ဓာတ်ဆီ တစ်လီတာလျှင် ဘတ်(၇၀) အထိ မြင့်တက်နေပြီး၊ ဒေသတွင်းထုတ်ကုန်လုပ်ငန်းများ အခက် အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၉) ရက်က ဘုရားသုံးဆူမြို့မှ တရားမဝင် ဝင်ရောက် လာသည့် စားသောက်ကုန်လုပ်ငန်း၊ ကာစီနိုင်လောင်းကစားလုပ်ငန်း၊ ဂိမ်းရုံများဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများအနေဖြင့် ဖေဖော်ဝါရီ (၂၈) ရက် မတိုင်ခင်ထွက်ခွာရန်နှင့် လိုက်နာမှုမရှိပါက အရေးယူမည်ဟု ဒီမိုကရေစီအကျိုး ပြုတပ်မတော် DKBA မှထုတ်ပြန်ထား သည်။
