ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။
အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။
“သူက တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းတယ်၊ တွေ့ဆုံကြဖို့ ငါသဘောတူလိုက်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ငါတို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသွားကြမယ်၊ အရမ်းအဆင်ပြေပါတယ်” ဟု သူက ဆိုသည်။
တွေ့ဆုံမည်ရက်ကို မသိရသေးသော်လည်း မီဒီယာများက ထပ်ခါထပ်ခါ မေးမြန်းချိန်တွင် သိပ်မကြာခင် ဖြစ်ပါလိမ့်မည်ဟုသာ ထရမ့်ပ် က ဖြေကြားခဲ့သည်။
“သူ နောက်အပတ်လောက် ဒါမှမဟုတ် နောက်တစ်ပတ်ကျော်လောက်မှာ လာချင်တယ်လို့ ငါထင်ပါတယ်” ဟု သူက ပြန်ဖြေခဲ့သည်။
ဆွေးနွေးကြမည့် အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ အမေးကိုမူ သူ မသိသေးကြောင်းနှင့် ယခုဆွေးနွေးမှုသည် သူ့ဘက်က တောင်းဆိုချက်အရဖြစ်ကြောင်း ထရမ့်ပ် ပြောဆိုခဲ့သည်။
ကြာသပတေးနေ့က ဝါရှင်တန်၏ ဗြိတိန်ဆိုင်ရာ အထူးသံတမန် မတ်ခ် ဘန်းနက်နှင့် ဆာ ကီယာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဥ် သမ္မတနှင့် ဝန်ကြီးချုပ်တို့ ဖုန်းပြောခဲ့ကြသည်ဟု ယူဆရသည်။
ဆာ ကီယာနှင့် ဘန်းနက်တို့သည် ဗြိတိန်-အမေရိကန် အထူးဆက်ဆံရေး၊ ကုန်သွယ်မှု၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Ref: စကိုင်းနူးစ်
