ရည်ရွယ်ချက်ကောင်းများစွာဖြင့်ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နှစ်ရက်တိုးပြီး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်ရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ (၁၀) ရက်မှစတင်ကျင်းပနေခြင်းဖြစ်ကာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နေ့စဉ် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ၊ MSME လုပ်ငန်းရှင်များ ဆက်လက်လာရောက်နေကြသောကြောင့် ပြပွဲကို ဖေဖော်ဝါရီ (၁၅) ရက် နှင့် (၁၆) ရက် နှစ်ရက်တိုးပြီး ကျင်းပသွားမည် ဖြစ်သည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ MSME များပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်တလျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန် အပါအဝင် ရည်ရွယ်ချက်ကောင်းများစွာဖြင့်ကျင်းပခြင်းဖြစ်သည်။
ထို့ပြင် ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစားပေါင်း (၃၁)မျိုးကို Digital Trophy ၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ယင်း ငွေသားဆုချီးမြှင့်ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E-Banking ဖြင့် ငွေသားထုတ်ယူနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
