ထိုင်းနိုင်ငံက စွမ်းအင်အထောက်အပံ့အားလုံး ဖြတ်တောက်လိုက်ပြီးနောက် မြန်မာနိုင်ငံရှိ ငွေလိ-မ်ဂိုဏ်းများ၏အချုပ်အနှောင်မှလွတ်မြောက်လာသည့် နိုင်ငံခြားသားအမြောက်အများဝင်ရောက်လာနိုင်သည့်အတွက် အစိုးရက ပြင်ဆင်နေသည်ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ငွေလိ-မ်ဂိုဏ်းများက ၎င်းတို့လုပ်ငန်းများအတွင်း ပိတ်မိနေသည့် အလုပ်သမားများကို ပြန်လွှတ်ပေးနေကာ ၎င်းတို့ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်နေသည်ဆိုသော သတင်းများထွက်နေသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့အားလုံးကို လက်မခံနိုင်ဟု သူက ပြောသည်။
“သူတို့ ရဲ့ မိခင်နိုင်ငံတွေက လက်မခံတဲ့သူတွေကို ကျွန်တော်တို့ ကလက်ခံမှာ မဟုတ်ပါဘူး” ဟု မစ္စတာ Phumtham က ပြောသည်။ ထိုင်းနိုင်ငံသည် ငွေလိ-မ်ဂိုဏ်းများမှ ရောက်ရှိလာသူများအတွက် ဒုက္ခသည်စခန်းများကို ဖွင့်သွားမည် မဟုတ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပေမယ့် သူတို့ရဲ့ တုန့်ပြန်မှုနဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ခန့်မှန်းလို့ မရပါဘူး” ဟု သူက ပြောကြားခဲ့သည်။
ငွေလိ-မ်ဂိုဏ်းများမှ လွတ်မြောက်လာသူများ အလုံးအရင်းဖြင့် လှိမ့်ဝင်လာနိုင်ခြေအတွက် ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရက နယ်စပ်တလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့များ ကို ဖြန့်ကျက်ချထားပြီးဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်က ပြောသည်။
လူလိ-မ်များ၏ မတရားစေခိုင်းခံထားရသော နိုင်ငံခြားသား ၅၃ ဦးကို တာ့ခ်ပြည်နယ် Phop Phra ခရိုင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် မြန်မာအစိုးရက သူ့ကို အကြောင်းကြားခဲ့သည်ဟုလည်း မစ္စတာ Phumtham က ပြောဆိုသည်။
ငွေလိ-မ်ဂိုဏ်းများ ပပျောက်သွားကြောင်း သက်သေပြနိုင်ပါက ထိုင်းနိုင်ငံက အင်တာနက်ဝန်ဆောင်မှုများ၊ လောင်စာဆီနှင့် လျှပ်စစ်ဓါတ်အားပေးပို့မှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးသွားမည်ဟု ထိုင်းအစိုးရက မြန်မာဘက်ကို ပြောဆိုထားကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်
