ခရီးသွားများအကြား ခေတ်စားလာသည့် Camp၊ Farming ၊ Day Tripခရီးစဉ် နေရာများ လိုင်စင် ပြုလုပ်နိုင်ရန် ဆောင်ရွက်နေ

0
398

ခရီးသွားများအကြား ခေတ်စားလာသည့် Camp ခရီးစဉ်နေရာများ၊ Farming ခရီး စဉ်များ၊ Day Trip သွားနိုင်သည့် နေရာများနှင့် ပတ်သက်၍ စနစ်တကျ ဖွံ့ဖြိုးရေးအတွက် လိုင်စင် ပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း မှ သိရသည်။

ကိုဗစ်ကာလ နောက်ပိုင်းတွင် အဆိုပါ ခရီးစဉ်များ စတင်များပြားလာပြီး နောက်ပိုင်းကာလများတွင် မြို့ပြမွန်းကျပ်မှုများကို ရှောင်ရန် သွားလာအပမ်းဖြေကြကြောင်း သိရသည်။

“ဒီခရီးစဉ်တွေ များလာတာကောင်းပါတယ်။ Tourism မှာလည်း ဖြစ်သင့် ဖြစ်ထိုက်တာပါ။ ဆောင်ရွက်သင့်ပါတယ်။ အဓိက က တစ်ဘက်ခြမ်းမှာကျတော့ Regulation သီးသန့် မထွက်သေးဘူးပေါ့။ ဆိုလိုတာသည် ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေဆိုရင် လိုင်စင် ထုတ်ပေးတယ်ပေါ့။ ဒီဟာတွေမှာကျတော့ လိုင်စင်လေးတွေ မရှိသေးတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဟိုတယ်/ခရီး (ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန) နဲ့ ဆွေးနွေးနေတာတွေ ရှိတယ်။ စနစ်တကျလေးနဲ့ လိုင်စင်လေးတွေ ထုတ်ပေးပြီး လုပ်ပေးမယ် ဆိုရင် ဝန်ဆောင်မှု ရရှိတဲ့ သူကော၊ ဝန်ဆောင်မှု ပေးတဲ့သူကော နှစ်ဖက်စလုံးမှာ အဆင်ပြေမယ်။ စနစ်တကျလည်း ဖွံ့ဖြိုးလာမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

မည်သည့်အချိန်တွင် လိုင်စင်ထွက်နိုင်မည်ကို မသိရသေးဘဲ အခြားဝန်ဆောင်မှု လိုင်စင်အနေဖြင့်ပေးနိုင်ရန်ဆွေးနွေးပေးနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ခရီးသွား ကုမ္ပဏီတွေကိုလည်း လိုင်စင်ပေးတယ်။ ဟိုတယ်တွေကိုလည်း ဟိုတယ်နဲ့ တည်းခိုရိပ်သာ လိုင်စင်ပေးတာပေါ့။ ဒီဟာတွေကျတော့ တချို့ဟာလေးတွေက ညအိပ်တည်းဖို့ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းလိုင်စင်လေးတွေ ချပေးဖို့တော့ လိုပါတယ်” ဟု ဦးနောင်းနောင်းဟန်က ဆိုသည်။

ထိုကဲ့သို့ ထိန်းချုပ်မှုရှိပါက သွားရောက်အပန်းဖြေသူများ အတွက်လည်း အရည်အသွေး အာမခံမှု ရှိလာနိုင်ကာ အလုပ်လုပ်သူများအတွက်လည်း ၎င်းတို့ ရင်းနှီးမြုပ်နှံမှုနှင့် အတူ တရားဝင် ရပ်တည်ရေးအဆင်ပြေစေရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here