တရုတ်သူလျှိုအဖြစ် စွဲချက်တင်ခံထားရသူတစ်ဦး အကြောင်းရင်းမသိရဘဲ သေဆုံးခဲ့မှုအား ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

0
138

ဟောင်ကောင် ပြည်ပထောက်လှမ်းရေးဋ္ဌာနကို အကူအညီပေးနေမှုနဲ့ ယခုလအစောပိုင်းမှာ စွဲချက်တင်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦး အကြောင်းရင်းမသိရဘဲ သေဆုံးမှုအပေါ် ဗြိတိသျှ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့က အကြောင်း ရင်းမသိရဘဲ သေဆုံးနေသူတစ်ဦးနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးရဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ကြောင်းနဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်တောင်ပိုင်း Maidenhead အရပ်ရှိ အခင်းဖြစ်နေရာပဲ သေဆုံးနေခဲ့ပြီဖြစ်တဲ့ ယင်းအမျိုးသားဟာ အသက် ၃၇ နှစ်အရွယ် မက်သျှူး ထရစ်ကတ်ဆိုသူဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ထရစ်ကတ်ရဲ့ ရှေ့နေဖြစ်သူက ထုတ်ပြန်ပြောဆိုရာမှာတော့ သူ့အမှုသည် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တုန်လှုပ်ရကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုလုပ်နေစဉ်အတွင်း  ဒီထက်ပို မှတ်ချက်မပေးနိုင်ပါကြောင်း ဆိုခဲ့ပါတယ်။ ယင်း ထုတ်ပြန်ချက်မှာပဲ ၎င်းတို့ရဲ့ ချစ်လှစွာသော သား၊ အစ်ကိုဖြစ်တဲ့ မိသားစုဝင် သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ သူ့ မိသားစုက ပြောဆိုထားခဲ့ပါတယ်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ထရစ်ကတ်ဟာ တော်ဝင်မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဗြိတိန် အမျိုးသားလုံခြုံရေး အက်ဥပဒေအရ ပြစ်မှုနှစ်ခုနဲ့ စွဲချက်တင်ခံရပြီးနောက် မေလ ၁၃ ရက်မှာ တရားရုံးက အာမခံပြန်လွှတ်ပေးခဲ့တဲ့ အမျိုးသားသုံးဦးအနက် တစ်ဦးဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေး အက်ဥပဒေကို ယမန်နှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ပြည်ပတိုင်းပြည်များမှ ခြိမ်းခြောက်မှုတွေအပေါ် ပစ်မှတ်ထားတဲ့ ပုဒ်မအသစ်တွေ ထည့်သွင်းထားခဲ့ကြောင်း သိရပါတယ်။

ယင်း သူလျှိုမှုဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြား သံတမန်ရေးရာ တင်းမာမှုကို ပိုဆိုးစေခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မေ ၁၄ ရက်မှာ တရုတ်နိုင်ငံ သံအမတ်ကို ဆင့်ခေါ်ပြီး ဗြိတိန်မြေပေါ်မှာ သူလျှိူလုပ်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းတွေအတွက် လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ပြောဆိုကန့်ကွက်ခဲ့ပါတယ်။

လန်ဒန်ရှိ တရုတ်သံရုံးကတော့ ဗြိတိန်ဟာ အဆိုပါအမျိုးသားတွေကို လုပ်ကြံစွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ဟောင်ကောင်းအရေးမှာ စင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here