လေယာဥ် မတော်တဆမှု​ကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ ခရီးသည်တွေ ကယ်ဆယ်ရေးလေယာဉ်ဖြင့် စင်ကာပူကို ပြန်လည်ရောက်ရှိ

0
230

ပြင်းထန်တဲ့ လေထုမငြိမ်သက်မှုနဲ့တိုးခဲ့မှုကြောင့် လူတစ်ဦးသေဆုံးကာ ဒါဇင်ချီဒဏ်ရာရခဲ့ပြီး ဘန်ကောက်ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်းလေယာဉ်မှ ခရီးသည်နဲ့ အမှုထမ်း ၁၄၀ ကျော်ဟာ ကယ်ဆယ်ရေးလေယာဉ်တစ်စီးနဲ့ ဒီနေ့(မေ ၂၂) မနက်ပိုင်းမှာ စင်ကာပူကို ပြန်ရောက်ရှိလာကြောင်း သိရပါတယ်။

လန်ဒန်ကနေ စင်ကာပူကို ပျံသန်းလာတဲ့ ဘိုရင်း ၇၇၇-၃၀၀ အီးအာ အမျိုးအစားလေယာဉ်ဟာ လေပြင်းကြောင့် တုန်ခါသွားခဲ့ပြီး ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေ တုန်လှုပ်ခြောက်ခြားခဲ့ရသလို အချို့ခရီးသည်တွေ မျက်နှာကျက်နဲ့ ဆောင့်မိတဲ့အခြေအနေတွေ ကြုံခဲ့ပြီးနောက် ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်း အသက် ၇၃ နှစ်အရွယ် ဗြိတိသျှ ခရီးသည်တစ်ဦး နှလုံးဖောက် သေဆုံးခဲ့ပြီး လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ခရီးသည်တွေ အပေါ် မျက်နှာကျက်နဲ့ ဆောင့်တိုက်မိကုန်ပြီး ကိုးရို့ကားယားပြန်ပြုတ်ကျခဲ့ကြောင်းနဲ့ ခေါင်းမှာ ကြီးမားတဲ့ ပေါက်ပြဲဒဏ်ရာရသွားတဲ့ လူတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ လေယာဉ်ပေါ်ပါ ခရီးသည်ကျောင်းသားတစ်ဦးက ပြောဆိုခဲ့ပါတယ်။ လေယာဉ်အတွင်းပိုင်းက ဓါတ်ပုံတွေအရ ခရီးသည်ခန်းထဲက အပေါ်ပိုင်းဘုတ်ပြားတွေ ပေါက်ပြဲနေတာတွေ့ရပြီး အောက်ဆီဂျင် mask တွေ မျက်နှာကျက်ကနေ တွဲလောင်းပြုတ်ကျနေသလို ခရီးဆောင်အိတ်တွေ လေယာဉ်ကြမ်းပြင်မှာ ပြန့်ကျဲနေခဲ့တာတွေ့ရပါတယ်။

စင်ကာပူလေကြောင်းလိုင်းက ခရီးသည် ၁၃၁ ဦးနဲ့ အမှုထမ်း ၁၂ ဦးကို ဘန်ကောက်ကနေ ပြန်ခေါ်ယူပေးခဲ့တဲ့ ကယ်ဆယ်ရေးလေယာဉ်ဟာ စင်ကာပူကို မနက် ၅ နာရီထိုးခါနီးမှာ ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ် လေယာဉ်ပေါ်မှာ သြစတြေးလျ၊ ဗြိတိန်နဲ့ စင်ကာပူနိုင်ငံသား အများစုအပါအဝင် ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၈ ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရရှိထားသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကတော့ ဘန်ကောက်မှာ ဆက်လက်ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့ရသူရဲ့ မိသားစုနဲ့ ချစ်ခင်ရသူတွေအတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း စင်ကာပူလေကြောင်းလိုင်းရဲ့ ကိုယ်စား မိမိ ပြောကြားလိုပါတယ်လို့ စင်ကာပူလေကြောင်းလိုင်းရဲ့ စီအီးအို Goh Choon Phong က ဗီဒီယိုကတဆင့် ပြောဆိုခဲ့ပါတယ်။

စင်ကာပူ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဗျူရိုက အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိပြီး အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့ကလည်း ကိုယ်စားလှယ်တွေလွှတ်ကာ ကူညီပံ့ပိုးမှုလုပ်နေတယ်လို့ သိရပါတယ်။

Ref: Shine,ST


LEAVE A REPLY

Please enter your comment!
Please enter your name here